Category

Index: Knowledge Organization

စာသင်မယ်လို့ စဉ်းစားတော့ သင်ကြားရမယ့် ဘာသာရပ်ကို ကျွမ်းကျင်ဖို့ ကိစ္စကို သိပ်စိတ်မပူမိဘူး။
ပုံမှန်လေ့လာသွားရင် တဖြည်းဖြည်းနဲ့ အဆင်ပြေသွားလိမ့်မယ်လို့ ယုံကြည်ထားတယ်။
နည်းနည်းစိုးရိမ်မိတာက ကိုယ်ထိန်းချုပ်လို့မရတဲ့ ကျောင်းသားတွေစိတ်ထဲက သင်ယူခြင်းလုပ်ငန်းစဉ်အကြောင်းပဲ။
ဘာသာရပ်ကို ကျွမ်းကျင်သွားပြီပဲ ထားပါတော့။
ကိုယ်နားလည်ထားတဲ့ အကြောင်းအရာတွေကို ကလေးတွေခေါင်းထဲ ခံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုထည့်ပေးရမလဲ ဆိုတာက Black Box ဖြစ်နေတယ်။
သူတို့ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲ ကိုယ်မမြင်နိုင်ဘူး။
သက္ကရာဇ်စဉ်အတိုင်း (Chronologically) ဆိုတဲ့ စကားလုံးကို အချိန်ကာလရဲ့ အစီအစဉ်အတိုင်း ရွေ့လျားမှု သိနိုင်လောက်အောင် အရွယ်မရောက်သေးတဲ့ ကလေးတွေကို ဘယ်လိုရှင်းပြမလဲ။
Concept တွေကို သူတို့ရဲ့ အသစ်စက်စက် ဦးနှောက်တွေထဲမှာ ဘယ်လို လက်ခံမှာလဲ။
လျှောက်တွေးရင်တော့ အများကြီးပဲ။
ဒီလိုနဲ့ သင်ယူခြင်းလုပ်ငန်းစဉ်အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေဖတ်ရှုကြည့်မိတယ်။
ဒီဘာသာရပ်နဲ့ပတ်သက်လို့ အေအိုင်က စီစဉ်ပေးတဲ့ Recommended List ထဲမှာ ထိပ်ဆုံးနားက ပါနေတာကတော့ How Learning Works ဆိုတဲ့ စာအုပ်ပဲ။
စာအုပ်ထဲမှာ Knowledge Organization ဆိုတဲ့ အခန်းတစ်ခန်း ပါဝင်တယ်။
အဲဒီအခန်းမှာပဲ Black Box ဖြစ်နေတဲ့ ကျောင်းသားတွေ ခေါင်းထဲက သင်ယူခြင်းလုပ်ငန်းစဉ်ကို ခပ်ရေးရေး ပုံပေါ်လာအောင် ရှင်းပြထားတယ်။
ပန်းချီအနုပညာသမိုင်းကို သင်ကြားတဲ့ ဆရာက လိုင်း၊ အရောင်၊ အလင်းအမှောင်၊ ဖွဲ့စည်းပုံစတဲ့ အမြင်ပိုင်းဆိုင်ရာ အခြေခံသဘောတရားတွေကို စသင်တယ်။
ပြီးတော့မှ ပန်းချီလက်ရာ တစ်ခုချင်းစီရဲ့ အဓိကဝိသေသ၊ ဆက်စပ်အနုပညာလှုပ်ရှားမှု၊ အယူဝါဒကျောင်းတော်နဲ့ အချိန်ကာလကိုလည်း ဆက်ရှင်းပြတယ်။
ကျောင်းသားတွေဟာ သင်သမျှကို ဂရုတစိုက် လိုက်မှတ်သားပေမယ့် အချက်အလက်တွေ များပြားလွန်းတာကြောင့် နားလည်ဖို့ ခက်ခဲကြတယ်လို့ ဆိုတယ်။
ဒီလောက်ရှင်းလင်းအောင် သင်ပါလျက်နဲ့ နားမလည်တဲ့ ကျောင်းသားတွေကို ဆရာကလည်း နားမလည်နိုင်ဖြစ်နေတယ်လို့ ဖော်ပြထားတယ်။
နောက်ထပ် ဥပမာတစ်ခုမှာတော့၊
ဆေးဝါးကျွမ်းကျင် ကျောင်းသားတွေအနေနဲ့ ခန္ဓာဗေဒနဲ့ Physiology ခေါ် ဇီ၀ကမ္မဘာသာရပ်တွေကို နားလည်ဖို့လိုတယ်။
အရိုး၊ ကြွက်သား၊ တစ်သျှူးစတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုချင်းစီရဲ့ တည်နေရာနဲ့ လုပ်ဆောင်ချက်တွေကို ခွဲခြားသင်ယူကြရတယ်။
လက်ချာတွေကို မှတ်သားရင်း ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ လုပ်ဆောင်ချက်တွေကို ခွဲခြားပြောဆိုနိုင်လာတယ်။
ဒါပေမဲ့ ကိုယ်ခံအားစနစ်၊ သွေးလည်ပတ်မှုစနစ် စတဲ့ ခန္ဓာဗေဒစနစ်တွေ တစ်ခုမက ချိတ်ဆက်နေတဲ့ ဇီ၀ဖြစ်စဉ်တွေကိုတော့ နားလည်ဖို့ ရုန်းကန်ကြရတယ်လို့ ဆိုတယ်။
ရှင်းအောင် သင်ပြရဲ့သားနဲ့ နားမလည်နိုင်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ ကျောင်းသားတွေအနေနဲ့ ဘာသာရပ်ရဲ့ သီးခြား Element တွေကြားက ချိတ်ဆက်မှုကို မသိတာပဲ။
လက်ကောက်ဝတ် အရိုးဖြစ်စေ၊ ပီကာဆိုတဲ့ Guernica ပန်းချီကားဖြစ်စေ ဘာသာရပ်ဆိုင်ရာ အဝန်းအဝိုင်းထဲက အခြား Element တွေနဲ့ အရေးကြီးတဲ့ပုံစံနဲ့ ဆက်သွယ်ချိတ်ဆက်နေတယ်။
ဒီတော့လည်း နက်နက်ရှိုင်းရှိုင်း နားလည်ဖို့ဆိုရင် ပါဝင်ပစ္စည်း တစ်ခုချင်းစီကို သိရုံနဲ့ မလုံလောက်ပဲ အချင်းချင်းကြားက ဆက်နွယ်မှုကို နားလည်မှ ဖြစ်လိမ့်မယ်။
ကျွမ်းကျင်သူနဲ့ စတင်လေ့လာသူရဲ့ အသိပညာဖွဲ့စည်းပုံမှာ ကွာခြားတာက အစိတ်အပိုင်းတွေကြားက ဆက်သွယ်ချက်တွေရဲ့ အရေအတွက်နဲ့ အတိမ်အနက်ပဲလို့ ဆိုတယ်။
အဲဒီအချက်ကို Knowledge Organization လို့ ခေါ်တယ်လို့ စာအုပ်ထဲမှာ အသေးစိတ်ရှင်းလင်းထားတယ်။
အခုအချိန်မှာတော့ ကိုယ်သိချင်တဲ့ အချက်အလက်တွေကို လက်တစ်ဖျစ်အတွင်း ချက်ချင်း ရနိုင်နေပြီ။
ဒါပေမဲ့ မရိုးနိုင်သော၊ အဆန်းအပြား အချက်အလက်တွေဟာ နားလည်မှုနဲ့ ထပ်တူမကျဘူး ဆိုတာကိုလည်း ရိပ်မိကြလိမ့်မယ်။
System Thinker တွေ ပြောလေ့ရှိတာ တစ်ခုရှိတယ်။
“တစ်” ကို နားလည်တာနဲ့ပဲ “နှစ်” ကို နားလည်လိမ့်မယ်လို့ ထင်မြင်တတ်ကြတယ်။
တစ်နဲ့တစ်ဆိုရင် နှစ်ဖြစ်တာကိုး။
ဒါပေမဲ့ တစ်နဲ့တစ်ကြားက “နဲ့” ကို နားလည်ဖို့ လိုအပ်တာကိုတော့ မေ့နေတတ်ကြတယ်တယ်တဲ့။
မွေးနေ့ပွဲတောင် အများကြီး မကျင်းပရသေးတဲ့ ကလေးတွေကို သက္ကရာဇ်စဉ်နဲ့ စီစဉ်ခိုင်းတာထက် အရောင်နဲ့ အရွယ်အစားအလိုက် စီစဉ်ခိုင်းတာက ပိုအဆင်ပြေမလားပဲ။

Leave a Reply

Your email address will not be published. Required fields are marked *