Category

Index: Playlist

the LAB ပေါ့ကတ်တစ်ခုမှာ အဆိုတော် (ကို)ဂျီလတ်နဲ့ စကားပြောခန်းကို နားထောင်လိုက်ရတယ်။
ထူးအိမ်သင်အပါအဝင် အရင်ခေတ်အဆိုတော် တချို့ရဲ့ အတွင်းလူတွေပဲသိနိုင်တဲ့ အမှတ်တရ အဖြစ်အပျက်တချို့ကို ပြောထားတယ်။
သူပြောတဲ့အထဲမှာ ​လူပြောသိပ်မများတဲ့ အကြောင်းအရာလေးတစ်ခုလည်း ပါတယ်။
ဂီတရေစီးရဲ့ ဒစ်ဂျစ်တယ်ခေတ် အကူးအပြောင်းမှာ ကက်ဆက်တိပ်ခွေတွေနဲ့အတူ ကန့်လန့်ကာနောက်ကွယ်ရောက်သွားခဲ့တဲ့ မမြင်သာတဲ့ အရာလေးတစ်ခု။
အဲဒါကတော့ သီချင်းတွေကို ရှေ့နောက်စီစဉ်ထားပုံပဲ။
အားလုံးသိတဲ့အတိုင်း အေဆိုက်ဘီဆိုက် နှစ်ဖက်ပါတဲ့ ကက်ဆက်တိပ်ခွေတွေမှာ ကိုယ်ကြိုက်တဲ့သီချင်းကို တစ်ပုဒ်ချင်းရွေးဖွင့်ဖို့ မလွယ်ခဲ့ဘူး။
နားထောင်သူတွေအနေနဲ့ အစီအစဉ်အတိုင်းပဲ အချိန်ပေးပြီး နားထောင်ခဲ့ရတယ်။
သီချင်းတစ်ပုဒ်ချင်းစီကို ဖန်တီးထားပုံချင်းက မတူဘူး။
တချို့သီချင်းတွေက နားစွဲလွယ်သလောက် မေ့ပျောက်လွယ်တယ်။
တချို့ကျတော့လည်း တစ်ကြိမ်နားထောင်ရုံနဲ့ နားထဲဝင်ဖို့ မလွယ်ပဲ တဖြည်းဖြည်းစွဲလာတဲ့ အရသာမျိုး။
ကက်ဆက်တိပ်ခွေတစ်ခု ဖန်တီးရာမှာ ဒီလိုမတူညီတဲ့ သီချင်းအမျိုးမျိုးကို ဘယ်လို ရှေ့နောက်စီစဉ်မယ်ဆိုတာက ထင်ထားတာထက်ပို အရေးကြီးတဲ့အကြောင်း (ကို)ဂျီလတ်က အသေးစိတ်ပြောသွားတယ်။
ဘယ်သီချင်းရဲ့ အဆုံးသတ်အပိတ်နဲ့ ဘယ်သီချင်းရဲ့အဖွင့်ကို ဆက်ထားရင် နားဆင်သူအတွက် ဘယ်လိုခံစားရနိုင်တယ် ဆိုတာကအစ ထည့်တွက်ပြီး သီချင်းတွေကို စီစဉ်ခဲ့ကြတယ်လို့ ဆိုတယ်။
ဒီလိုနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေက ပင်မရေစီးဖြစ်လာတဲ့ Streaming ခေတ်မှာတော့ Album တစ်ခွေရဲ့ အစီအစဉ်အတိုင်း နားထောင်ရတဲ့ အလေ့အထဟာ တဖြည်းဖြည်း တိမ်မြုပ်သလို ဖြစ်လာတယ်။
Music Streaming App တွေဟာ နားဆင်သူကို Playlist တွေ ကိုယ်တိုင်တည်ဆောက်ခွင့်ပေးထားတယ်။
ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ကိုယ်တိုင်ရွေးပြီး နားထောင်နိုင်တာက ပရိသတ်အတွက် အားသာချက်တစ်ခု ဖြစ်လာသလို၊
အခြားတစ်ဖက်မှာလည်း Album တစ်ခွေရဲ့ မူလရှေ့နောက်အစီအစဉ်က ပေးနိုင်တဲ့ ဗျူဟာမြောက် ဂီတအတွေ့အကြုံကိုတော့ လက်လွှတ်လိုက်ရတယ်။
လေးဖြူရဲ့ “ပင်လယ်အော်သံ” အခွေထဲက “အသည်းကွဲသီချင်းသစ်” ဟာ တစ်နိုင်ငံလုံးက ဂီတပရိသတ်တွေကို ဖမ်းစားခဲ့တာ အားလုံးအသိပဲ။
ဒီသီချင်းရဲ့ ရစ်သမ်သန့်သန့်အင်ထရို မလာခင်မှာ “ပါးပြင်ပေါ်က နေ့စွဲများ” ဆိုတဲ့ သံစဉ်ပြင်းပြင်း ရော့ခ်သီချင်းတစ်ပုဒ် ရှိနေတာကို (ကို)ဂျီလတ်က ထောက်ပြသွားတယ်။
ပြင်းရှတဲ့ ဂီတသံစဉ်တွေအပြီး ခဏတာတိတ်ဆိတ်သွားချိန်မှာ အသည်းကွဲသီချင်းသစ်ရဲ့ ကြည်လင်တဲ့လက်ခတ်သံမှာ အားလုံး အငိုက်မိသွားခဲ့ရတယ်။
အခု (ကို)ဂျီလတ် ပြန်အစဖော်တော့မှပဲ၊
နှစ်ပေါင်းများစွာ မေ့လျော့နေခဲ့တဲ့ “ပါးပြင်ပေါ်က နေ့စွဲများ” နာမည်နဲ့ သီချင်းတစ်ပုဒ်ရှိခဲ့မှန်း ပြန်သတိရလာတယ်။
ပြန်စဉ်းစားကြည့်တော့လည်း သီချင်းစာသားတချို့ကို မှတ်မိနေသေးတယ်။
သာမန်တေးချစ်သူ ပရိသတ်တစ်ယောက်အနေနဲ့ သတိမထားမိခဲ့ပေမယ့်၊
သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ်ကြား ဟန်ချက်ညီအောင် ချိတ်ဆက်ထားလို့ ခံစားချက်တန်ဖိုး မြင့်သွားရတဲ့ အတွဲအစပ်တွေ ဘယ်လောက်များရှိခဲ့လဲ မသိဘူး။
“ပင်လယ်အော်သံ” အခွေကို စီစဉ်ထားပုံကို ပြန်ကြည့်မိတော့ ပါးပြင်ပေါ်က နေ့စွဲများ >> အသဲကွဲသီချင်းသစ် >> ထွက်ပေါက် >> အလွမ်းများ … စသည်ဖြင့် အစီအစဉ်အတိုင်း တွေ့ရတယ်။
ဂီတအမျိုးအစားအလိုက် အကြမ်းတစ်ပုဒ်၊ အနုတစ်ပုဒ် အကြမ်းဖျင်း စီစဉ်ထားပုံရတယ်။
ဆူညံတဲ့ ခပ်ကြမ်းကြမ်းသီချင်းနဲ့ စဖွင့်ပြီးရင် သူ့နောက်မှာ နားစွဲလွယ်တဲ့ နူးနူးညံ့ညံ့ သီချင်းတစ်ပုဒ် ဝင်လာတတ်တာ များတယ်။
အဲဒီနောက်ပိုင်းမှာ တိပ်ခွေခေတ်ကနားစွဲခဲ့တဲ့ အယ်ဘမ်တချို့ရဲ့ အကူးအပြောင်းလေးတွေကို ပြန်ရှာကြည့်၊ စိတ်ကူးပုံဖော်ကြည့် လုပ်နေခဲ့မိတယ်။
သီချင်းအမျိုးအစားနဲ့ မဟုတ်ပဲ အဆိုတော်တွေရဲ့ အသံနဲ့ကာလာနဲ့ စီစဉ်ထားတာမျိုးတွေလည်း မနည်းဘူး။
တချို့ အစီအစဉ်တွေကိုတော့ တမင်ရည်ရွယ်ပြီး ဖန်တီးထားသလား၊ မတော်တဆတိုက်ဆိုင်မှုလား အသေအချာပြောဖို့ ခက်တယ်။
ပရိသတ်တစ်ယောက်အတွက်တော့ ဒါတွေကို ဘယ်သူက စီစဉ်ဆုံးဖြတ်တယ်ဆိုတာ အသေအချာ မသိနိုင်ဘူး။
အဆိုတော် ကိုယ်တိုင်ပဲလား၊ ထုတ်လုပ်သူက ဘယ်လောက် ဩဇာလွှမ်းမိုးမှုရှိသလဲ၊ ဒါတွေကိုတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိလိမ့်မယ်။
တလောတုန်းက ရပ်ဝေးမြေခြားက မိတ်ဆွေတစ်ယောက်ရဲ့ နေအိမ်မှာ ရက်အတန်ကြာ တည်းခိုဖြစ်တယ်။
မနက်ခင်းတွေဆိုရင် Bluetooth စပီကာဆီက သီချင်းသံလေးတွေ ပျံ့လွင့်လာတတ်တယ်။
သူ့ အိမ်ဆိုတော့လည်း သူ့သဘော၊ သူ့စိတ်ကြိုက် သီချင်းတွေပေါ့။
… အမဲနဲ့အဖြူ မတူပေမယ့် ထာ၀စဉ်အတူ တည်မြဲကြ..
အဆိုးအကောင်းတွေ အတူဒွန်တွဲ သံသရာမှာလည်ပတ်ကြ..
အရှုံးနဲ့အနိုင် ပြိုင်တဲ့ပွဲ တစ်ခါတရံမှာ သရေပွဲကျ… ♪
အချိန်အကြာကြီး မေ့လျော့နေခဲ့တဲ့ သီချင်းဟောင်းတစ်ပုဒ်ကို မထင်မှတ်ပဲ ကြားလိုက်ရတယ်။
တေးရေး မောင်သစ်မင်းရဲ့ စာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဝိုင်ဝိုင်းရဲ့ “နောက်ဆုံးတော့” ဆိုတဲ့ သီချင်း။
အကြောင်းအမျိုးမျိုးကြောင့် လူကြိုက်များတဲ့ ပေါက်သီချင်းတော့ ဖြစ်မလာခဲ့ဘူး။
ဒီသီချင်းကိုမှ ရှာရှာဖွေဖွေ ပြန်ဖွင့်လာတဲ့ သူငယ်ချင်းရဲ့ ဂီတအာရုံခံစားမှုကို ထူးဆန်းပါလားလို့ ထင်လိုက်မိတယ်။
အဲဒီသီချင်းပြီးဆုံးလို့ မကြာခင်မှာပဲ အမြဲတမ်းမှတ်မိနေတဲ့ ပီယာနိုအင်ထရိုဝင်နဲ့ “မဆုံတဲ့ဖူးစာ” ကို ကြားရတယ်။
ဒီတော့မှ ကက်ဆက်ခွေနဲ့မဟုတ်ပေမယ့် ဝိုင်ဝိုင်းရဲ့ ကြိုးမဲ့စွန် Album ကို အစဉ်အတိုင်း ဖွင့်နေမှန်း သိလိုက်တယ်။
နောက်ထပ်တစ်ပုဒ်ကတော့ “တွေးလိုက်တိုင်း”။
ဒီသီချင်းကိုလည်း နားမထောင်ရတာ ကြာခဲ့ပြီ။
ဂစ်တာဆိုလိုနဲ့ ဟာမိုနီတွေကအစ လက်မလွတ်စေပဲ အဆုံးသတ်မှာ အသံတဖြေးဖြေး တိုးဝင်သွားတဲ့အထိ နားစိုက်ထောင်လိုက်မိတယ်။
မကြာခင်မှာ ပလက်ကင်သံ ခပ်ပါးပါးနဲ့ ဆွေးမြေ့တဲ့သံစဉ်တစ်ခုကို ကြားရတယ်။
အထပ်ထပ် ရင်းနှီးပြီးသား “အိမ်လွမ်းသူ”။
အိမ်လွမ်းသူဟာ ကက်ဆက်တိပ်ခွေထဲက မူလအစီအစဉ်ဆီက လွတ်မြောက်ပြီး တစ်ကိုယ်တော် ခရီးဆန့်နေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ မသိဘူး။
အခုတော့ သူ့ရဲ့ မူလအစီအစဉ်အတိုင်း ပြန်ကြားခွင့်ရတယ်။
ဒီလိုဆိုတော့လည်း သူငယ်ချင်းရဲ့ ဂီတအာရုံခံစားမှုဟာ ထူးဆန်းတာတစ်ခုမှမပါတဲ့ သဘာ၀အကျဆုံး လုပ်ရပ်တစ်ခုလို့ပဲ ဆိုရလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *