Category

Index: Genre

ခင်ဗျားက စစ်ပြီးခေတ်အမေရိကန်တစ်ယောက် ဆိုပါတော့။
ခပ်စောစော မနက်ခင်းတစ်ခုမှာ ခင်ဗျားနိုးလာမယ်။
ပုံမှန်စားနေကျ နံနက်စာကို စားပြီးတာနဲ့တစ်ပြိုင်နက် အချိန်မှန် ရောက်လာမယ့် နေ့စဉ်သတင်းစာကို ခင်ဗျား မျှော်လင့်မိနိုင်တယ်။
တစ်နေ့တာအတွက် သတင်းစာမှ ဦးဦးဖျားဖျား မဖတ်ရသေးရင် တစ်ခုခုလိုနေသလို ခင်ဗျား ခံစားရမှာပေါ့။
The New York Times သတင်းစာကို လှန်လိုက်တယ်ဆိုရင်ပဲ အထဲက သတင်းတစ်ပုဒ်ရဲ့ ခေါင်းကြီးက ခင်ဗျားရဲ့အာရုံကို ဖမ်းစားလိုက်မယ်။
ဒီလိုသတင်းမျိုးကို ကျော်လွှားဖတ်ရှုဖို့လည်း မဖြစ်နိုင်သလောက်ပဲ။
ကန်းဆက်ပြည်နယ်မှာ ကြေးရတက် လယ်သမားမိသားစု အစုလိုက်အသတ်ခံလိုက်ရတဲ့ သတင်း။
ဘယ်လိုလူကတွေကများ ဒီလိုလုပ်ရပ်မျိုးကို လုပ်ရက်ကြတာလဲ။
ဒီလိုနဲ့ ခင်ဗျားရဲ့အာရုံဟာ သတင်းထဲကို နစ်မြုပ်သွားလိမ့်မယ်။
ပယ်ရီစမစ် (Perry Smith) နဲ့ ရစ်ချတ်ဟစ်ကော့ (Richard Hickock) ဆိုတဲ့ လူနှစ်ယောက်ဟာ ထောင်ကလွတ်ပြီး မကြာခင်မှာ မိုင် ၄၀၀ ဝေးတဲ့ ကန်းဆက်ပြည်နယ်က လယ်တောအိမ်လေး တစ်ခုဆီ ကားမောင်းသွားခဲ့ကြတယ်။
ထောင်ထဲက အခန်းဖော်တစ်ဦးရဲ့ လက်ထောက်ချမှုကြောင့် ကန်းဆက်က ကလက်တာမိသားစုထံမှာ မီးခံသေတ္တာနဲ့အပြည့် ငွေတွေရှိတယ်လို့ သတင်းရခဲ့လို့ပဲ။
လယ်တောအိမ်ဆီ ရောက်တဲ့အခါမှာတော့ အိမ်ရှင်မိသားစုထံမှာ မီးခံသေတ္တာ မရှိသလို၊ ငွေတွေကိုလည်း မတွေ့ရဘူး။
ဒါပေမဲ့ ဘယ်လိုဖြစ်တယ် မသိဘူး။
ကြံရာပါနှစ်ဦးဟာ ကလေးတွေအပါအဝင် ကလက်တာမိသားစုဝင် လေးဦးလုံးကို သူတို့ရဲ့နေအိမ်မှာတင် Shotgun နဲ့ အနီးကပ် ပစ်သတ်ခဲ့တယ်။
သူတို့အိတ်ကပ်ထဲမှာ ပြန်ပါလာတာဆိုလို့ အိမ်ထဲမှာရှာတွေ့တဲ့ ဒေါ်လာ ၅၀ ပဲ။
လူသတ်မှုသတင်းကို ဖတ်ရတာ ခင်ဗျားအတွက် ယုံဖို့ ခက်နေမယ်။
အဓိပ္ပာယ်လည်း မရှိဘူး၊ ယုတ္တိလည်း မရှိဘူး၊ ဖြစ်လည်း မဖြစ်နိုင်ဘူး။
ဒါပေမဲ့ တစ်ဖက်မှာ သတင်းစာထဲပုံနှိပ်ထားတဲ့ သတင်းဆိုတာက ဖြစ်ရပ်မှန်အချက်အလက်တွေဆိုတာကို ခင်ဗျား လက်ခံထားရတယ်။
ဒီသတင်းထဲမှာ မပါဝင်တဲ့ အဖြစ်မှန်ရဲ့ အခြားမျက်နှာစာတွေ အများကြီးရှိလိမ့်မယ်လို့ ခင်ဗျားစိတ်ထဲက သိနေတယ်။
အဲဒီအခိုက်အတန့်မှာပဲ သမိုင်းနဲ့ချီပြီး သက်ရောက်မှုကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ခင်ဗျား အခိုင်အမာ ချမှတ်လိုက်မိမယ်။
အဲဒါကတော့ ကလက်တာမိသားစုအမှုကို ခင်ဗျားကိုယ်တိုင် စုံစမ်းထောက်လှမ်းပြီး ၀တ္ထုအဖြစ် ပြန်လည်ရေးသားဖို့ပဲ။
အချိန်မဆိုင်းပဲ ခင်ဗျားဟာ ငယ်သူငယ်ချင်း [တစ်ချိန်မှာ To Kill a Mockingbird စာအုပ်နဲ့ နာမည်ကျော်လာမယ့်] Harper Lee ကို ခေါ်ပြီး အခင်းဖြစ်ပွားရာ ကန်းဆက်ပြည်နယ်ကို ထွက်လာကြခဲ့တယ်။
အဲဒီနောက်မှာတော့ ခင်ဗျားတို့နှစ်ယောက်သား မြို့ခံတွေ၊ စုံစမ်းထောက်လှမ်းရေးအရာရှိတွေ၊ မိသားစုဝင်တွေနဲ့ အမှုနဲ့ပတ်သက်သူတွေကို မနေမနား စုံစမ်းမေးမြန်းခဲ့ကြတယ်။
လူသတ်တရားခံတွေ ဖမ်းဆီးခံရပြီးတဲ့ နောက်မှာတော့ သူတို့ကိုပါ မေးမြန်းခွင့်ရလာတယ်။
လုပ်ရတဲ့အလုပ်တွေ အများကြီးပေမယ့် ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲ။
ငွေကြေးအတွက် စတင်ခဲ့တဲ့ လုယက်မှုတစ်ခုဟာ အပြစ်ကင်းမဲ့တဲ့ လူသားလေးယောက် သေဆုံးရတဲ့အထိ ဘာကြောင့် ရောက်သွားရသလဲဆိုတာကို စူးစမ်းဖို့ပဲ။
အစပြုခဲ့တဲ့ အလုပ်ကို အဆုံးထိဆက်လိုက်ရင်း အချိန် ခြောက်နှစ်လောက် ကုန်လွန်သွားခဲ့လိမ့်မယ်။
ခင်ဗျားကြိုးစားအားထုတ်မှုရဲ့ ရလဒ်အဖြစ် ထွက်ပေါ်လာတာကတော့ “ဖြစ်ရပ်မှန်ဝတ္ထု” (Nonfiction Novel) လို့ ခေါ်ခဲ့တဲ့ စာပေပုံစံတစ်မျိုးပဲ။
ခင်ဗျားနာမည်က Truman Capote ဖြစ်ပြီး ခင်ဗျားရေးခဲ့တဲ့ ၀တ္ထုကတော့ In Cold Blood ဖြစ်ပါတယ်။
“သွေးအေးအေးဖြင့်” နာမည်နဲ့ ဆရာတင်မောင်မြင့်က မြန်မာဘာသာကို ပြန်ဆိုခဲ့တယ်။
In Cold Blood ဟာ “ဖြစ်ရပ်မှန်ဝတ္ထု” ဆိုတဲ့ စာပေပုံစံကို အမေရိကန်စာပေမှာ ထင်ရှားလာအောင် လုပ်ပေးခဲ့တဲ့ အစောပိုင်းလက်ရာတစ်ခု ဖြစ်လာတယ်။
အကြောင်းရင်းကတော့ In Cold Blood ကို ဖန်တီးရာမှာ Capote ဟာ ဖြစ်ရပ်မှန် အချက်အလက်တွေကို တင်ပြတဲ့ ဂျာနယ်လစ်ဇင် အရေးအသားသက်သက် အသုံးပြုခဲ့တာ မဟုတ်လို့ပဲ။
ဇာတ်ဝင်ခန်း၊ ဒိုင်ယာလော့ဂ်၊ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ကူး စသည်ဖြင့် ၀တ္ထုရေးဆရာတစ်ယောက် အသုံးပြုနိုင်တဲ့ အရေးအသား နည်းနာမျိုးစုံကို ပေါင်းစပ်အသုံးပြုပြီး အဖြစ်မှန်ကို ပြန်လည်တည်ဆောက်ပြခဲ့တယ်။
သူကိုယ်တိုင် မကြားနိုင်ခဲ့တဲ့ စကားပြောခန်းတွေကိုပါ ဇာတ်ဝင်ခန်းအဖြစ် ပြန်လည်တည်ဆောက်ခဲ့သလို၊ သူ မသိနိုင်တဲ့ ကာယကံရှင်တွေရဲ့ အတွေးတွေကိုလည်း ပြန်လည်ပုံဖော်ခဲ့တယ်။
ဒါကြောင့်လည်း ၀တ္ထုရဲ့ဘယ်အပိုင်းက အချက်အလက်အမှန် ဖြစ်ပြီး၊ ဘယ်အပိုင်းကတော့ Capote ရဲ့ တီထွင်ကြံဆချက် ဖြစ်တယ်ဆိုတာကို ယတိပြတ်ပြောဖို့ ခက်တယ်။
Capote ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်လို့ စိတ်မသက်သာစရာ အချက်တစ်ခုလည်း ရှိနေတယ်။
အဲဒါကတော့ လူသတ်တရားခံတွေကို ပိုမိုနားလည်ဖို့ ရည်ရွယ်ချက်နဲ့ Capote ဟာ သူတို့နဲ့ တရင်းတနှီး စကားပြောဆိုမေးမြန်းခဲ့တယ်။
တချို့ရဲ့အမြင်မှာ Capote ရဲ့ လုပ်ရပ်ဟာ လူသတ်သမားတွေနဲ့ ရင်းနှီးလွန်းပြီး ကျူးလွန်သူတွေကို စာနာပုံတောင် ပေါက်နေခဲ့တယ်လို့ ဆိုတယ်။
တရားခံတစ်ယောက်ဖြစ်တဲ့ ပယ်ရီစမစ်ရဲ့ သရုပ်ဖော်ရာမှာ ကြမ်းတမ်းပြီး၊ အနိုင်ကျင့်ခံခဲ့ရတဲ့ ငယ်ဘ၀၊ မတော်တဆမှုတစ်ခုကြောင့် ရုပ်ပိုင်းဆိုင်ရာချို့တဲ့ခဲ့ပုံနဲ့ ပြသခွင့်မရခဲ့တဲ့ သူ့ရဲ့ အနုပညာအရည်အသွေးအထိ Capote ဟာ အသေးစိတ် ချယ်မှုန်းခဲ့တယ်။
Capote ရဲ့ အခုလို ပြန်လည်တည်ဆောက်ပြမှုတွေကြောင့်၊
ပယ်ရီစမစ်ဆိုတဲ့ လူဟာ ဒီအပြစ်မဲ့လူသားလေးယောက်ကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက်လား၊
ဒါမှမဟုတ် ဒီပြစ်မှုကြီးကိုကျူးလွန်မိစေဖို့ သူ့ဘ၀တစ်ခုလုံးကို အစကတည်းက တည်ဆောက်ခံထားရသလား ဝေခွဲမရဖြစ်စေတဲ့ အထိပဲ။
စွပ်စွဲချက်အချို့အရ Capote ဟာ ရှည်လျားတဲ့ အင်တာဗျူးမေးမြန်းခန်းတွေတလျှောက် အကျဉ်းထောင်ဆီ အကြိမ်ကြိမ်သွားရောက်ရင်း ပယ်ရီစမစ်နဲ့ ပိုမိုရင်းနှီးလာခဲ့တယ်လို့ ဆိုတယ်။
အဲဒီရင်းနှီးမှုက Capote ရဲ့ အရေးအသားအပေါ် သက်ရောက်မှုရှိမရှိ မေးခွန်းထုတ်စရာ ဖြစ်ခဲ့တယ်။
In Cold Blood ထဲမှာ နားလည်ရခက်တဲ့၊ ဒါတွေဘာလို့ ရေးပြနေပါလိမ့်လို့ မေးခွန်းထုတ်မိစေတဲ့ အသေးစိတ်အချက်အလက်တွေ အများကြီးပဲ။
အဲဒီအထဲက တစ်ခုကိုတော့ အခုချိန်ထိ စွဲစွဲမြဲမြဲ မှတ်မိနေတယ်။
ဘယ်သူ့ကိုအရင် ကြိုးပေးကွပ်မျက်မယ်ဆိုတာကို ဆုံးဖြတ်ဖို့ မဲနှိုက်၊ ဒါမှမဟုတ် အကြွေစေ့လှန်မယ်လို့ ကြားထားကြတယ်။
အဲဒီအချိန်မှာပဲ ပယ်ရီစမစ်က အက္ခရာစဉ်အတိုင်းပဲ စီစဉ်လိုက်ပါလားလို့ ပြောခဲ့တယ်။
H က S ထက် အရင်လာတာမို့ Hickock က အရင်၊ Smith က နောက်ပေါ့တဲ့။
ရက်စက်မှုထက် တစ်ခါတလေ အဲဒီရက်စက်မှုအပေါ် ဘာမှမဖြစ်သလို ပမာမခန့်သဘောထားမှုက ကျွန်တော်တို့ကို ပိုမိုတုန်လှုပ်ခြောက်ခြားစေသလားပဲ။

Leave a Reply

Your email address will not be published. Required fields are marked *