Category

Index: Option 1

ဂရေဟမ်ရောက်လာတော့ Creative Team ရဲ့ လုပ်ငန်းစဉ်တွေလည်း ပြောင်းသွားတယ်။
လိုကယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြော်ငြာအေဂျင်စီတစ်ခုရဲ့ Creative Team လေးဟာ အသက် ငါးဆယ်ကျော်၊ ဆံပင်ကိုကြက်တောင်စည်းထားတဲ့ အနောက်တိုင်းသား Creative Director ကြီးကို ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြတယ်။
ဂရေဟမ်ရဲ့ တာဝန်တွေထဲမှာ နိုင်ငံတကာအေဂျင်စီ အမည်ခံထားပေမယ့် လိုကယ်တွေချည်းပဲ ရှိနေတဲ့ Team ကို စွမ်းရည်မြှင့်ပေးဖို့လည်း ပါတာပေါ့။
ခေါင်းဆောင်ကြီးရောက်လာတဲ့ နေ့ကစလို့ အရာအားလုံးကို ခေါင်းဆောင်ကြီးအလိုကျ အသွင်ပြောင်းပေးရတော့တယ်။
ရှိရှိသမျှ Brief တွေအတွက် အိုင်ဒီယာတွေ ထွက်ဖို့ Brain Storming တွေ မရပ်မနား လုပ်ရတယ်။
အိုင်ဒီယာညှစ်ထုတ်တဲ့ ကိစ္စကို အရင်ကလည်း ကိုယ့်နည်းကိုယ့်ဟန် လုပ်နေကျဆိုပေမယ့် ဂရေဟမ့်လက်အောက်မှာတော့ ပုံစံပြောင်းသွားတယ်။
၁၅ မိနစ်အချိန်ပေးမယ်။ တစ်ခုနဲ့တစ်ခု သိသိသာသာကွဲပြားတဲ့ အိုင်ဒီယာ ၃ ခု ထွက်အောင် စဉ်းစားပါလို့ ညွှန်ကြားတတ်တယ်။
ဆင်ခြေတက်ခွင့် မရခင်မှာပဲ၊ အိုင်ဒီယာတစ်ခုအတွက် ၅ မိနစ်ဆိုတာ မင်းတို့ကို အချိန် ဖောဖောသီသီ ပေးထားတာပဲလို့ ပိတ်ပြောတတ်သေးတယ်။
ဒီလိုနဲ့ ရှိသမျှ Local Insight တွေ နှိုက်ထုတ်ပြီး အိုင်ဒီယာဖြစ်အောင် ကြံဖန်စဉ်းစားရတော့တယ်။
အများစုကတော့ ဂရေဟမ်က ပြန်လှန်မေးခွန်းထုတ်တဲ့အခါ ပြိုကွဲသွားတဲ့ ယိုင်နဲ့နဲ့ အတွေးတွေပဲ။
ဒါပေမဲ့ အဲဒီအထဲကပဲ အလုပ်ဖြစ်နိုင်တာတွေကို နောက်ထပ်နောက်ထပ် မေးခွန်းတွေ ထပ်မေးပြီး ဂရေဟမ်က ပြန်လည်တည်ဆောက်ပြတတ်တယ်။
ခရီယေးတစ်တွေရဲ့ ဂွကျမှုတွေကတော့ မမြင်ချင်မှအဆုံးပဲ။
ဘီယာအမှတ်တံဆိပ် တစ်ခုက ကြယ်နီကို အကြာကြီး စိုက်ကြည့်ပြီး ငြိမ်သက်နေတတ်တယ်။
သူ့ကိုယ်ကိုယ် တေးရေးဆရာလို့ ဂုဏ်ယူပြီး ပြောတယ်။
Raindrops keep falling in the rain သီချင်းစာသားကို ကဗျာရွတ်သလို ရင်ခေါင်းသံကြီးနဲ့ ဆိုတတ်တယ်။
မြန်မာပြည်ထုတ် ဝီစကီအမှတ်တံဆိပ်တစ်ခုရဲ့ လိုဂိုကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ရက်အတန်ကြာအောင် ပြောနေတယ်။
တစ်နေ့ကျမှ fleur-de-lis လို့ ထအော်ပြီး သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကို အတော်လေးကျေနပ်နေတယ်။
ဒီလိုနဲ့ လအနည်းငယ်အကြာမှာတော့ နိုင်ငံတကာ Creative Director ကြီးရဲ့ ထူးခြားဆန်းသစ်တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ဟန်ချက်မိလာခဲ့တယ်။
တီဗီကြော်ငြာ အိုင်ဒီယာတွေကို ကလိုင်းယန့်ဆီ သွားပြမယ့်နေ့မှာ ဂရေဟမ်က တစ်ခုခုကို စဉ်းစားနေပုံပေါ်တယ်။
အမှန်တော့ တစ်ဖွဲ့လုံးပူးပေါင်းထုတ်လုပ်ထားတဲ့ အိုင်ဒီယာတွေအားလုံးကို သူ့ညွှန်ကြားချက်အတိုင်း အကြိမ်ကြိမ်အထပ်ထပ် ပြင်ဆင်တည်းဖြတ်ပြီးသားပဲ။
နောက်ဆုံးမိနစ်ကျမှ အတွေးပြောင်းပြီး ထပ်မပြင်ခိုင်းပါစေနဲ့လို့ပဲ ဆုတောင်းနေကြရတယ်။
အိုင်ဒီယာတွေကို ထုံးစံအတိုင်း Option 1, 2, 3 နဲ့ ကလိုင်းယန့်စိတ်ကြိုက် ရွေးချယ်စရာတွေ ပေးထားတယ်။
တစ်ခုချင်းစီအတွက် စဉ်းစားပုံနဲ့ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တွေ အစုံအလင်ထည့်ပေးပြီးသားပဲ။
Option တွေကို ရှေ့နောက် နေရာပြောင်းချင်တယ်လို့ နောက်ဆုံးတော့ ဂရေဟမ့်ဆီက အသံထွက်လာတယ်။
ပထမတော့ သူ့ဆိုလိုရင်းကို နားမလည်နိုင်သေးဘူး။
ပုံမှန်ဆို Creative Presentation တွေမှာ၊ ကုန်ပစ္စည်းရဲ့ Functional အချက်အလက်တွေ အပြည့်အစုံပါဝင်အောင် ဦးစားပေးထားတဲ့ အိုင်ဒီယာကို Option 1 အနေနဲ့ ပြလေ့ရှိတယ်။
ကလိုင်းယန့်လိုချင်တဲ့ တောင်းဆိုချက် Brief နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အိုင်ဒီယာမျိုးပဲ။
နောက်တော့မှ Option 2 မှာ Emotion ပိုများတဲ့ အိုင်ဒီယာ။
Option 3 ကတော့ Creative Team က ဉာဏ်ကွန့်မြူးထားတဲ့ ဆန်းသစ်တဲ့ အိုင်ဒီယာမျိုးကို ထည့်ပေးလေ့ရှိတယ်။
အမြဲတမ်းမဟုတ်တောင် အများအားဖြင့် ဒီအစီအစဉ်အတိုင်း ပြလေ့ရှိတယ်ဆိုပါတော့။
အခုတော့ Creative Team စိတ်ကြိုက် ထူးထူးခြားခြား အိုင်ဒီယာကို Option 1 အဖြစ်ထားပြီး ပြမယ်လို့ ဂရေဟမ်က ပြောတယ်။
Option တွေကို ခေါင်းစဉ်လေးတွေ ပြောင်းပေးလိုက်ရုံပဲဆိုတော့ ပြင်ရတာ လက်မဝင်ဘူး။
ကလိုင်းယန့် ဘယ်လိုတုံ့ပြန်မလဲဆိုတော့ မသိနိုင်ဘူး။
မီတင်မှာတော့ ဂရေဟမ်ဟာ High-concept အိုင်ဒီယာကို Option 1 အနေနဲ့ ဦးဦးဖျားဖျား တင်ပြနေခဲ့တယ်။
အဲဒီနေ့က Creative တွေစိတ်ကြိုက် ဉာဏ်ကွန့်မြူးထားတဲ့ အိုင်ဒီယာကို ကလိုင်းယန့်က ကြော်ငြာရိုက်ဖို့အတွက် ရွေးချယ်ခဲ့သလား အသေအချာ မမှတ်မိတော့ဘူး။
ဒါပေမဲ့ ဖန်တီးသူစိတ်ကြိုက် အိုင်ဒီယာတစ်ခုဟာ Presentation ရဲ့ အဓိကအကြောင်းအရာ အနေနဲ့ မီတင်ထဲမှာ အာရုံစိုက်မှု အများဆုံးပေးပြီး အသုံးတော်ခံနိုင်ခဲ့တာကို မှတ်မိနေတယ်။
အချက်အလက်စုံလင်တဲ့ လူကြိုက်များ အိုင်ဒီယာကတော့ Option 3 အနေနဲ့ နောက်နားကျကျ တစ်နေရာမှာ ငြိမ်သက်နေခဲ့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *