Category

Index: Dummy

အစောဆုံး လုပ်ခဲ့ဖူးတဲ့ အလုပ်တွေထဲမှာ Koncept ဆိုတဲ့ ဂရက်ဖစ်ဒီဇိုင်းနဲ့ စာစီစာရိုက်ဆိုင်လေးတစ်ခု ပါတယ်။
၃၆ အထက်လမ်းက ရေညှိတွေတက်နေတဲ့ တိုက်အိုကြီးတစ်ခုရဲ့ မြေညီထပ်မှာ။
တွင်ကျယ်လာခါစ ကွန်ပြူတာတွေနဲ့အတူ ကီးဘုတ်ကို တဖျောက်ဖျောက်ရိုက်ရတဲ့ စာစီစာရိုက်အလုပ်ပဲ။
ဆိုင်ပိုင်ရှင်အမျိုးသားက ဂရက်ဖစ်နဲ့ စာအတွင်းအပြင်အဆင် လေးအောက်ဒီဇိုင်း ဆွဲတယ်။
ဖောက်သည်အများစုက စာနယ်ဇင်းလုပ်ငန်းက လူတွေ၊ ရုပ်ရှင်ဗီဒီယိုရိုက်ကူးထုတ်လုပ်ရေးက လူတွေပဲ။
မဂ္ဂဇင်း၊ ဂျာနယ်ထဲထည့်ဖို့ စာမူတွေ၊ ဒါမှမဟုတ် ရုပ်ရှင်၊ ဗီဒီယိုရိုက်ဖို့အတွက် ဇာတ်ညွှန်းတစ်ခုခု၊ ဒီလိုမှမဟုတ်လည်း အပြင်ကလာအပ်တဲ့ လျှောက်လွှာ၊ ရုံးစာစသည်ဖြင့် အမျိုးအစား စုံစုံလင်လင် ရိုက်ပေးရလေ့ရှိတယ်။
ဒါတွေမှ မရှိရင်လည်း ဆိုင်မှာ အမြဲတမ်းရှိနေတဲ့ လုံးချင်းအချစ်၀တ္ထုရှည် တစ်အုပ်ကို စိမ်ပြေနပြေ ရိုက်နေရုံပဲ။
စာကို တဖျောက်ဖျောက် ရိုက်နေချိန်တွေမှာ ဆိုင်ပိုင်ရှင်ဒီဇိုင်နာကတော့ ဘေးနားကခုံမှာထိုင်ပြီး ဒီဇိုင်းဆွဲနေလေ့ရှိတယ်။
တစ်ခါတလေဆို သူ့နောက်နားမှာ ဂျာနယ်၊ မဂ္ဂဇင်းတစ်ခုခုရဲ့ အယ်ဒီတာတစ်ယောက်လည်း ရှိနေတတ်တယ်။
အဲဒီထဲက အရပ်မြင့်မြင့်၊ အသံအောင်အောင်နဲ့ အယ်ဒီတာကြီးတစ်ယောက်ကို မှတ်မိနေတယ်။
ဒီဇိုင်နာနဲ့အတူ လေးအောက်ဒီဇိုင်း ဆွဲရင်း သူ နေရာချချင်တဲ့ ပုံစံကို နောက်ကနေ အသံကျယ်ကျယ်နဲ့ ညွှန်ကြားနေတတ်လို့ပဲ။
သူ့အသံကြားလို့ နောက်ကို အသာစောင်းငဲ့ကြည့်လိုက်ရင် အဝေးက ကွန်ပြူတာဖန်သားပြင်ဆီ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတဲ့ မျက်လုံးတစ်ဖက်ကို မြင်ရလေ့ရှိတယ်။
ဒီခေါင်းစဉ်ကို ဒီနားမှာ ထားမယ်၊ ဟို၀တ္ထုကို ဟိုနေရာရွှေ့မယ် စသည်ဖြင့် သူ့စိတ်ကူးထဲက အစီစဉ်ကိုတွေ မနားတမ်း ပြောနေတတ်တယ်။
စာမျက်နှာနံပါတ် ဘယ်လောက်က အဆက်ကို ဘယ်စာမျက်နှာမှာ ပြန်ဆက်မယ်ဆိုတာမျိုးလည်း ပါသေးတယ်။
သူပြောနေပုံက သူ့အစီအစဉ်အတိုင်း မဟုတ်ပဲ တခြားပုံစံထားမိရင် အတော်လေးလွဲမှားသွားနိုင်တဲ့ ပုံစံမျိုးပဲ။
ဒီဇိုင်းသဘောအရ လိုက်လုပ်ဖို့ မလွယ်ကူတဲ့ အခါမျိုးမှာတော့ ဒီဇိုင်နာက အဆင်မပြေတဲ့အကြောင်း အသာအယာပြန်ပြောတတ်တယ်။
အဲဒီအခါကျရင်တော့ အယ်ဒီတာကြီးဟာ ငြိမ်သွားပြီး တခြားတစ်နည်းကို စဉ်းစားနေတတ်တယ်။
တစ်ခါတလေကျရင်လည်း ကိုယ် ဒမ်မီ (Dummy) ထားခဲ့လိုက်မယ်။ ကြည့်ဆွဲထားလိုက်။
ညနေမှ တစ်ခါပြန်လာကြည့်မယ်လို့ ပြောပြီး ဆိုင်ထဲက ထွက်သွားတတ်တယ်။
သူပြောတဲ့ ဒမ်မီဆိုတာကို မသိမသာ ကြည့်ဖူးတယ်။
ဆောင်းပါး၊ ၀တ္ထု၊ အက်ဆေးနဲ့ စာမူတွေကို မာတိကာလိုမျိုး ရှေ့နောက်စီစဉ်ထားတဲ့ စာရွက်လေးပဲ။
နံပါတ်၊ မြားနဲ့ ပုံကြမ်းတွေ အများကြီးပါပြီး အဓိပ္ပာယ်ကောက်ဖို့ မလွယ်အောင် ရှုပ်ပွနေတယ်။
အဲဒီအချိန်တုန်းက အယ်ဒီတာတွေကို ဩဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေအဖြစ် အလိုလို နားလည်လက်ခံထားပြီးသားပဲ။
ကိုယ်အလွန်ဆုံး ဖြစ်ချင်တာကမှ စာရေးဆရာလောက်ပဲ။
အယ်ဒီတာတွေကတော့ စာရေးဆရာတွေရဲ့ စာမူတွေကို ရွေးချယ်ပြင်ဆင်တည်းဖြတ်ဖို့ တာဝန်ယူထားရသူတွေ။
အပြင်မှာ တွေ့ရတာကတော့ ဒီထက်တောင် နည်းနည်းပိုနေသလိုပဲ။
ရွေးချယ်ပြီးသား စာမူတွေကို ရှေ့နောက်စီစဉ်တဲ့ ကိစ္စကို စစ်ရေးမဟာဗျူဟာတစ်ခု ချမှတ်နေတဲ့ စစ်သူကြီးတစ်ယောက်ရဲ့ လေးနက်မှုမျိုးနဲ့ ဆုံးဖြတ်နေတာ တွေ့ရလို့ အံ့ဩမိတယ်။
ဘယ်စာကို ရှေ့မှာထားမယ်၊ ဘယ်စာကို နောက်မှာချန်မယ်။
ဘယ်ခေါင်းစဉ်ကို ကြီးအောင်လုပ်ပြီး ဘယ်​စာပုဒ်ကို ချုံ့မယ်။
တစ်နေ့တော့ နိုကိုဇူးဇင်ရဲ့ အချစ်၀တ္ထုတစ်ပုဒ်ကို ခပ်သွက်သွက်ရိုက်နေရင်း အယ်ဒီတာကြီးနဲ့ ဒီဇိုင်နာတို့ရဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်တွေကို နားထောင်နေမိတယ်။
တိကျတဲ့အသေးစိတ်တဲ့ ညွှန်ကြားချက်တွေ ပေးနေတဲ့ အယ်ဒီတာကြီးကို စစ်သေနာပတိတစ်ယောက်လို မြင်ယောင်ကြည့်မိတယ်။
ဩဇာအာဏာကြီးမားတဲ့ စစ်သူကြီးတစ်ယောက်ဆိုတာ သံသယမရှိပေမယ့် သူတိုက်နေတဲ့ ရန်သူနဲ့ စစ်ပွဲက ဘယ်မှာလဲဆိုတာ ဝေခွဲမရဘူး။
သူသွားချင်တဲ့ ရည်ရွယ်ချက်တစ်ခုဆီ ဦးတည်နေတာကိုပဲ အသေအချာ ပြောနိုင်တယ်။
တစ်ချက်မှာတော့ အယ်ဒီတာကြီးကို မသိမသာ စောင်းငဲ့ကြည့်မိလိုက်မိတယ်။
ပုံမှန်ဆို မျက်တောင်မခတ်တမ်း အဝေးက ကွန်ပြူတာဖန်သားပြင်ကို စူးစိုက်ကြည့်နေတတ်တဲ့ မျက်လုံးနေရာမှာ ဟောက်ပက်ကြီးဖြစ်နေတာ မြင်ရတယ်။
ခဏအကြာမှ အယ်ဒီတာကြီးဟာ သူ့လက်ထဲ ကိုင်ထားတဲ့ ကျောက်မျက်လုံးကို လစ်လပ်နေတဲ့ မျက်ခွံထဲ အံဝင်ခွင်ကျ ပြန်ထည့်လိုက်တယ်။
တိုက်ပွဲတစ်ခုခုမှာများ သူ့ရဲ့မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့သလားလို့ တွေးရင်း သဘောကျနေမိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *