Category

Index: Exhibit

ကျွန်းကို ဆိုင်ကယ်နဲ့ပတ်ကြတာပေါ့လို့ အာချောင်ခဲ့တာကို တကယ်ရောက်တဲ့အခါကျမှ နောင်တရသလို ဖြစ်မိတယ်။
ရက်ကြာလာတာနဲ့အမျှ လည်ပတ်စရာနေရာတွေကို Google Map က ကြည့်ရင်း သူငယ်ချင်းမောင်းတဲ့ ဆိုင်ကယ်နောက်က လိုက်စီးရတာတောင် ပင်ပန်းသလို ဖြစ်လာတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူနဲ့အတူ မြန်မာပြည်အလယ်ပိုင်းကို ဆိုင်ကယ်နဲ့ပတ်ပြီး စေတီပုထိုးတွေကို လှည့်လည်ကြည့်ရှုခဲ့ဖူးတယ်။
အဲဒီအချိန်က အာနက်စ်တိုချေဂွေဗားရားရဲ့ မော်တော်ဆိုင်ကယ်ဒိုင်ယာရီ စာအုပ်ကို သဘောကျနေခဲ့တာလည်း ပါတယ်။
အခုလိုတခြားနိုင်ငံတစ်ခုမှာ လည်ပတ်ဖို့ကြုံလာတော့ လူငယ်ဘ၀စွန့်စားခန်းတွေရဲ့ နောက်ဆက်တွဲလိုလို၊ ဂိမ်းထဲကမြေပုံအသစ်တစ်ခု ထပ်ပွင့်လာသလို စိတ်လှုပ်ရှားမိတယ်။
အစိမ်းသက်သက်နေရာတစ်ခုမှာ ဂျီပီအက်စ်နည်းပညာအားကိုးနဲ့ ရောက်ရာပေါက်ရာ သွားနေခဲ့ကြတယ်။
လိုရာမရောက်ပဲ ရွာလည်နေတဲ့ အချိန်တွေလည်း မနည်းဘူး။
ဘာပဲဖြစ်ဖြစ် ရှာဖွေမေးစမ်းရင်း နောက်ဆုံးမှာ ရောက်သွားတာပဲ။
တကူးတက ရှာဖွေသွားရောက်ခဲ့တဲ့အထဲမှာ ဒီနိုင်ငံက အနုပညာပြခန်းတွေ အတော်များများ ပါတယ်။
ကိုယ့်အတိုင်းဆိုရင် ရောက်ရောက်မရောက်ရောက် စိတ်မရှိလှပေမယ့် သူငယ်ချင်းက ဒီလိုအနုပညာဖန်တီးမှုတွေကို အထူးတလည် စိတ်ဝင်စားမှန်း သိလို့ သူ့သဘောအတိုင်းပဲ အသာလိုက်နေခဲ့လိုက်တယ်။
ဒီလိုနဲ့ Museum Pasifika ဆိုတဲ့ အနုပညာပြခန်းတစ်ခုကို လာခဲ့ကြတယ်။
တည်းတဲ့ဟိုတယ်ကနေ ကျွန်းတစ်ဖက်ခြမ်း အတော်ဝေးဝေးအထိ ပင်လယ်ပြင်ပေါ် ဖြတ်ထိုးထားတဲ့ တံတားရှည်ကြီးကိုဖြတ်ပြီး မောင်းလာခဲ့ရတယ်။
လမ်းပျောက်ရင်း၊ မေးရင်းစမ်းရင်းနဲ့ နောက်ဆုံးမှာတော့ ပြခန်းကို ရောက်လာတယ်။
သူငယ်ချင်းကလည်း ဒီနေရာကို လာချင်လို့ အတော်လေး အားခဲထားခဲ့ဟန် တူတယ်။
အင်တာနက်ကနေ သူ ရှာဖတ်ထားတဲ့ ပြခန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှင်းပြနေတယ်။
နိုင်ငံပေါင်းများစွာက အနုပညာလက်ရာတွေ အများကြီးကို စုံစုံလင်လင် ပြသထားတယ်လို့ ဆိုတယ်။
အာရှပစိဖိတ်လက်ရာတွေကို အများဆုံး စုစည်းထားတဲ့ ပြခန်းပဲတဲ့။
ပြခန်းက တစ်ခုတည်းတောင် မဟုတ်ဘူး။
စတုရန်းသဏ္ဍာန် ဆက်သွယ်ထားတဲ့ အဆောက်အဦတွေကို သူတို့ညွှန်ကြားတဲ့ လမ်းကြောင်းအတိုင်း အစဉ်လိုက် လှည့်လည်ကြည့်ရှုရမှာ။
ပြန်းခန်းအတွင်းကို မဝင်ခင် ဝန်ထမ်းက အသေအချာ ရှင်းပြတယ်။
အိတ်တွေကို Locker ထဲထည့်ပြီး သိမ်းထားခဲ့ဖို့ ပြောတယ်။
ဒီလိုနဲ့ ပြတိုက်ဝန်ထမ်းက လမ်းညွှန်လိုက်တဲ့အတိုင်း ပထမဆုံးအဆောက်အဦထဲ ဝင်လာခဲ့ကြတယ်။
အပေါက်၀မှာပဲ “ပြင်သစ်” ဆိုတဲ့ စာတန်းတစ်ခု ချိတ်ဆွဲထားတာ တွေ့ရတယ်။
လက်ရာတွေကို ခေတ်အလိုက်၊ ဒါမှမဟုတ် ပန်းချီနည်းပညာအလိုက် မဟုတ်ပဲ နိုင်ငံအလိုက် စီစဉ်ထားပုံရတယ်။
စာတန်းကို သူငယ်ချင်းက လက်ညှိုးထိုးပြပြီး၊ ဒီတစ်ခန်းလုံးက ပြင်သစ်ပန်းချီဆရာတွေရဲ့ လက်ရာဖြစ်မယ်။
အရှေ့မှာ ဂျာမန်၊ နယ်သာလန်နဲ့ အခြားနိုင်ငံအမျိုးမျိုးက လက်ရာတွေ လာလိမ့်မယ်လို့ ပြောတယ်။
မြန်မာလည်း ပါတယ်။ မြန်မာက ဘယ်သူတွေရဲ့ လက်ရာတွေကို ပြထားမလဲမသိဘူးလို့ ပြောပြီး သူငယ်ချင်းက စိတ်လှုပ်ရှားနေပုံရတယ်။
သူ့စိတ်ကြိုက် နာမည်ကျော်မြန်မာပန်းချီပညာရှင်တွေရဲ့ နာမည်တွေကို ရွတ်နေတယ်။
နိုင်ငံအလိုက်စီစဉ်ထားတဲ့ အနုပညာလက်ရာတွေကို တစ်ခန်းပြီးတစ်ခန်း စိမ်ပြေနပြေ ကြည့်လာခဲ့တယ်။
လက်ရာအများစုက Abstract ထက်စာရင် ဘာပုံဆွဲထားလဲ ခွဲခြားလို့ရတဲ့ လက်ရာမျိုးတွေ။
ဒီကျွန်းအခြေစိုက် လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုသင်္ကေတတွေလို မကြာခဏတွေ့ရလေ့ရှိတဲ့ အစွယ်ရှည်ရှည် ဘီလူးသဏ္ဍာန် မျက်နှာဖုံး၊ မီးတောင်၊ ကြက်တိုက်ပွဲ၊ အပေါ်ပိုင်းဗလာကျင်းနေတဲ့ အမျိုးသမီးတွေနဲ့ လှေကားထစ်စပါးစိုက်ခင်းတွေ။
ပန်းချီကားတစ်ခုချင်းစီရဲ့ အနုပညာရသကိုတော့ အသေအချာ မပြောနိုင်ဘူး။
ပြတိုက်တွေထဲ ရောက်တဲ့အခါ ရလေ့ရှိတဲ့ အေးဆေးငြိမ်သက်မှုမျိုးကိုတော့ အပြည့်အ၀ ခံစားရတယ်။
တစ်ချို့ပန်းချီကားတွေကိုတော့၊ ကင်းဗတ်ပေါ်က သက်ရှိသက်မဲ့ ပါဝင်ပစ္စည်းတစ်ခုချင်းကို အာရုံစိုက် ရေတွက်တဲ့နည်းနဲ့ ကြည့်နေလိုက်တယ်။
ဒီလိုကြည့်တဲ့အခါ အာရုံစိုက်လို့ ကောင်းတဲ့အပြင် ဘယ်ကားကို ဘယ်လောက်ကြာအောင် ကြည့်ရမယ်ဆိုတာ အကြမ်းဖျင်းခွဲခြားလို့ ရတယ်။
ပန်းချီကားတွေရှေ့ရောက်တိုင်း ရတတ်တဲ့၊ ပန်းချီကို နားလည်ချင်ယောင်ဆောင်သလို ဖြစ်နေမလားဆိုတဲ့ မလုံခြုံစိတ်ကိုလည်း အနည်းငယ် သက်သာရာရစေသလားပဲ။
ဖြစ်ချင်တော့ ရာထောင်ချီလူတွေ အများကြီးပါဝင်တဲ့ ရိုးရာပွဲတော်တွေကို ပုံဖော်ထားတဲ့ လက်ရာတချို့ကိုလည်း ဒီပြခန်းထဲမှာ တွေ့ရတယ်။
ဒီလက်ရာတွေထဲက အရာ၀တ္ထုနဲ့ လူတွေရဲ့ အရေအတွက်ကိုတော့ ရေတွက်ဖို့ မဖြစ်နိုင်သလောက်ပဲ။
ခပ်မှန်မှန်ကြည့်လာခဲ့ရင်း ဥရောပအနုပညာအင်အားကြီး နိုင်ငံတချို့ရဲ့ လက်ရာတွေကို ကျော်ဖြတ်လာခဲ့တယ်။
အာရှပစိဖိတ်နိုင်ငံတွေက လက်ရာတွေကတော့ အရေအတွက် မများလှဘူး။
တစ်နေရာအရောက်မှာတော့ အတော်ကြီးမားတဲ့ ဗုဒ္ဓဆင်းတုတော်တစ်ဆူကို ရုတ်တရက် တွေ့လိုက်ရတယ်။
အာရုံဝင်စားမှု အားကောင်းနေတာနဲ့ ဆင်းတုတော်ကို အချိန်အတော်ကြာ အနုပညာအမြင်နဲ့ ကြည့်နေမိတယ်။
နောက်ဆုံး၊ အောက်ခြေနားမှာ Buddhist Stutue (Myanmar) ဆိုတဲ့ စာတန်းကို တွေ့တော့မှ သတိဝင်လာတယ်။
မြန်မာကိုယ်စားပြုတဲ့ အနုပညာလက်ရာဆိုတာ ဒီဆင်းတုတော်ကို ပြောတာ ဖြစ်လိမ့်မယ်။
တကယ်တော့ ဆင်းတုတော်ကို လက်ရာမြောက်ထုလုပ်ထားတာ အမှန်ပဲ။
ဒါပေမဲ့ ဒီလိုလက်ရာမြောက်တဲ့ ဆင်းတုတော်တွေကို မြန်မာနိုင်ငံရဲ့ ဘုရားစောင်းတန်းတွေမှာ လက်ညှိုးထိုးမလွဲ တွေ့ရနိုင်တာပဲ။
လှည့်ကြည့်လိုက်တော့ ပန်းချီလက်ရာ တစ်ခုချင်းစီကို စေ့စေ့စပ်စပ် ကြည့်ရှုရင်း အနောက်မှာ ကျန်ရစ်နေတဲ့ သူငယ်ချင်း။
မြန်မာ့အနုပညာ ဘုရားဆင်းတုတော်ကို မြင်ရင် သူ ဘယ်လိုတုံ့ပြန်မလဲဆိုတာ တွေးမိတော့ မသက်မသာ ဖြစ်လာတယ်။
ကိုယ်နဲ့ ဘာမှမဆိုင်ပါပဲ တခြားလူအတွက် စိတ်မကောင်းသလိုလို၊ ရှက်သလိုလို၊ အားနာသလိုလို ဝေခွဲမရတဲ့ ခံစားချက်မျိုးပဲ။
နောက်ထပ်အခန်းတစ်ခုထဲ ခပ်သွက်သွက် လှမ်းဝင်လိုက်တယ်။
အလင်းအမှောင်ကို အသေအချာ အစီအစဉ်ချထားတဲ့ ဒီအခန်းထဲမှာတော့ လူရိုင်းမျက်နှာဖုံးတွေ၊ အထိမ်းအမှတ် ရုပ်တုတွေ၊ တူရိယာနဲ့ အမဲလိုက်ကိရိယာတွေ ရှိနေတယ်။
ရှေးဦးယဉ်ကျေးမှုတစ်ခုရဲ့ နေ့စဉ်ဘ၀ထဲက အသုံးဆောင်တွေကို ကြည့်ရင်း
အခုလို မြင်တွေ့ခွင့်မရလိုက်ပဲ ပျောက်ကွယ်သွားခဲ့တဲ့ အရာတွေရဲ့ တည်ရှိမှုကို စိတ်ကူးနဲ့ဖမ်းဆုပ်နေမိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *